ငဖဲ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ် Youth Club အသင်းနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များသိရှိစေရန်နှင့် နှုတ်မှုအပြောစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်း ကောက်နုတ်ချက်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်ဟန်နီထွန်းက ပြိုင်ပွဲဝင်စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခြေခံပညာအလယ်တန်းဆင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ပြောပြိုင်ပွဲကို ကျင်းပရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား/သူ (၁၅)ဦးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော လုံ့လဝီရိယလျှော့လို့မဖြစ်၊ စုပေါင်းလုပ်မှအကျိုးရှိနိုင်မည်၊ လွတ်လပ်ရေး စသည့်မိန့်ခွန်းကောက်နုတ်ချက်များကို မဲနှိုက်၍ ဟန်ပန်အမူအရာအပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ(၃)ဦးအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားသော(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နုတ်ချက်များ၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာရုပ်ပြများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းဓါတ်ပုံများကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)