မာန်အောင် ဇန်နဝါရီ ၃
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၃နာရီက မာန်အောင်မြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း အားကစားသမားများ အနေဖြင့် တစ်ဦးနှင့်တစ်ဦးရင်းနှီးမှုရှိပြီး မြန်မာ့အားကစား အဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် အသင်း (၉)သင်း ဝင်ရောက်ဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ခြေပူးအပြေးပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲ(၉)မျိုး ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲများကို (၂-၁-၂၀၂၃)ရက်နေ့မှ (၄-၁-၂၀၂၃)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)