သံတွဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကလေးပြိုင်ပွဲကျင်းပ

သံတွဲ  ဇန်နဝါရီ  ၃

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျင်းပသည့် ကလေးပြိုင်ပွဲကို ယမန်နေ့နံနက် ၉:၃၀ နာရီက သံတွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူက  အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဆရာဝန်ကြီးဒေါတ်တာရဲဝင်းထွန်းက အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သံတွဲခရိုင်ပြည်သူ့ဆေးရုံးမှ ကလေးအထူးကုဆရာဝန်ဒေါက်တာဆုမွန်ထက်က ကလေးငယ်များနှင့်ပတ်သည့် သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကလေးပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်ကလေးငယ်များအား ကလေးအထူးကုဆရာဝန်ကြီး၊ သူနာပြုများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များပူးပေါင်း၍ မွေးစာရင်းရရှိမှု၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုဆိုင်ရာများ၊ ကိုယ်အလေးချိန်တိုင်းတာမှုအစရှိသည်တို့ကို စစ်ဆေးယှဉ်ပြိုင်ပြီးကလေးအထူးကု ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ မွေးစမှ (၆)လအထိ ၁၂ ဦး၊ ၆ လမှ ၁ နှစ်အထိ (၁၇)ဦး ၊ ၁ နှစ်မှ ၁ နှစ်ခွဲအထိ (၄)ဦး၊ ၁ နှစ်ခွဲမှ ၂ နှစ်အထိ (၁)ဦး စုစုပေါင်း ၃၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အမွှာဆုများကို သံတွဲခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများနှင့်ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။                                                                                                   သန့်ဇင်(ခရိုင်ပြန်/ဆက်)