စစ်တွေ ဒီဇင်ဘာ ၃၁
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလနောက်ဆုံးအပတ်အဖြစ် လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ရှုခင်းသာလမ်းဆုံရှေ့၌ ကျင်းပသည်။
ဦးစွာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လမ်းလျောက်ပွဲအား စတင်ဖွင့်လှစ်ပေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လမ်းလျှောက်ပွဲကိုပါဝင်ဆင်နွှဲကြသည်။
ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲအား စစ်တွေမြို့ရှုခင်းသာလမ်း တြိဂံလမ်းဆုံရှေ့မှစတင်၍ ရှုခင်းသာလမ်းအတိုင်း၊ ထိုမှတစ်ဆင့် စစ်တွေကမ်းခြေသို့ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စစ်တွေကမ်းခြေသဲသောင်ပြင်၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို ဆောင်ရွက်ကြသည်။
ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စစ်တွေမြို့ပေါ်ရပ်ကွက်များမှ ဒေသခံတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား (၅၀၀၀) ကျော်တို့ပါဝင်ဆင်နွှခဲ့ကြကြောင်း သိရသည်။
စစ်တွေမြို့၌ ဒီဇင်ဘာလတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှုများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း( ပြန်/ဆက်)