မြေပုံမြို့၌ (၁၈)ကြိမ်မြောက် မြေပုံမြို့နယ်လုံးကျွတ်မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

မြေပုံ ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ (၁၈)ကြိမ်မြောက် မြို့နယ်လုံးကျွတ်မြတ် ဆရာပူဇော်ပွဲကို ယနေ့နေ့လယ်(၁)နာရီက အထက(မြေပုံ)၊ ဦးစိန္ဒာခန်းမ၌ ကျင်းပပြုလုပ်သည်။

မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အထက(မြေပုံ)ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အထက(မြေပုံ)မှ အထက်တန်းပြဆရာ ဦးအောင်လင်းစိုးက မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးများကိုထုတ်ဖော်၍ ရတုပိုဒ်စုံဖြင့် ဂုဏ်ပြုပူဇော်သည်။ ထို့နောက် ပူဇော်ပွဲ အခမ်းအနား သို့တက်ရောက်လာကြသော အပူဇော်ခံ ဆရာကြီး/ဆရာမကြီးတို့၏ တပည့်များမှအပူဇော်ခံ ဆရာကြီး/ဆရာမကြီးများအား လက်ဆယ်ဖြာထိပ်မှာမိုးလျက် ရှိခိုးကန်တော့ကြသည်။ ဆက်လက်၍ မြေပုံမြို့နယ်အတွင်းရှိ အပူဇော်ခံ ဆရာကြီး/ဆရာမကြီး စုစုပေါင်း(၇၉)ဦးတွင် အသက်(၈၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီး(၆)ဦးတို့အား တစ်ဦးလျှင်ငွေကျပ်(၇၀,၀၀၀/)နှုန်းဖြင့် (၄၂၀,၀၀၀) ကျပ်နှင့် အသက်(၈၀)အောက် ဆရာကြီး/ဆရာမကြီး(၇၃)ဦးတို့အား တစ်ဦးလျှင်(၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၃,၆၅၀,၀၀၀/) ကျပ်အား ပူဇော်ကန်တော့သည်။

ထို့နောက် အပူဇော်ခံ ဆရာကြီး/ဆရာမကြီးကိုယ်စား အထက ကျောင်းအုပ်ဆရာကြီး (ငြိမ်း) ဦးအုန်းရွှေက ကျေးဇူးတင်စကားပြောကြားပြီး အထက(မြေပုံ)ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆို၍အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရှိရသည်။

တင်ဝင်း