အမ်း ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ပဲပဒုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသဘာဝဘေး အန္တရာယ်အသိပညာပေး ဟောပြောပွဲတွင်အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်က ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင်လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေး နွေးခဲ့သည်။
ဆက်လက်၍ LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)မှ စီမံကိန်းအရာရှိ ဦးစည်သူက လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ)အဖွဲ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကလေးသူငယ်(ဥပဒေ)နှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ ဆက်)