မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး အသိ ပညာပေးဟောပြောပွဲကျင်းပ

မြောက်ဦး ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၂)တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ)၊ အ.လ.က(၁) ကျောင်း၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်သန္တာဦးမှ ကလေးလူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်များဖြင့်ပြောကြားရာတွင် ကလေးသူငယ်များရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းခြင်းစသည့် အကြောင်းအရာများကို တက်ရောက်လာကြသောကျောင်းသူ/ ကျောင်းသားများကို သိရှိနားလည်စေရန် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစန်နီမှ ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များကြုံတွေ့လာရပါက ကျောင်းသူ/ ကျောင်းသားများ  ဆောင်ရန်ရှောင်ရန် အချက်များဖြစ်သည့်  ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ် နေချိန်တွင် ရှောင်ရှားသင့် သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။ ထိုအသိပညာဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသူ/ ကျောင်းသား (၂၀၀) ဦးခန့် ရှိပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ ဆက်)