ကျောက်ဖြူ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ တည်ဆောက်ထားသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ အစိုးရ နည်းပညာကောလိပ် (ကျောက်ဖြူ) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မွန်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ရွှေတို့က အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင် မရှိမဖြစ်လိုအပ်လျက်ရှိသော နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ နည်းပညာရှင်များကို မွေးထုတ်ပေးနိုင်မည့် အစိုးရနည်းပညာ ကောလိပ်တစ်ကျောင်းကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရခိုင်ပြည်နယ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် အနာဂတ်အခွင့်အလမ်း ပေါ်ထွန်းလာမှုနှင့်အတူ ကျက်သရေမင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ လူငယ်၊လူရွယ်များအနေဖြင့် အင်ဂျင်နီယာ နည်းပညာဘာသာရပ်များကို လေ့လာသင်ယူခွင့် ရရှိစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ဘာသာရပ်နှင့် စက်မှုအင်ဂျင်နီယာဘာသာရပ် စသည့် အင်ဂျင်နီယာဘာသာရပ် (၃)ခုဖြင့် အင်ဂျင်နီယာနည်းပညာသင်တန်းများဖြစ်တဲ့ (B.Tech) ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း (B.Tech) သင်တန်းအား(၄)နှစ် တက်ရောက်သင်ယူပြီးမြောက်ပါက အင်ဂျင်နီယာနည်းပညာဘွဲ့ Bachelor of Technology-B.Tech ဘွဲ့ကိုပေး အပ်ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် ကောင်းမွန်မြင့်မြတ်သော အရင်းခံစိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်ကဖွင့်လှစ်ပေးသည့် အင်ဂျင်နီယာဘာသာရပ်များကို သင်ယူပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံတော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားကြမည့် နှလုံးလှသည့် အတတ်ပညာရှင် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစား လေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ (မဟာဂီတ) အဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ (မဟာဂီတ)၊ အဆင့်မြင့်(အမျိုးသမီး)တွင် ပထမဆုနှင့် အဆိုပြိုင်ပွဲ (အမျိုးဂုဏ်/ဇာတိဂုဏ်)၊ အဆင့်မြင့်(အမျိုးသမီး)ဒုတိယဆုရရှိခဲ့သော A.G.T.I (ပထမနှစ်) ကျောင်းသူ မတင်ညိုပြာအေးအား ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် EP, Civil, IT ကျောင်းသား၊ ကျောင်းသူများမှ ရခိုင်ရိုးရာအကများဖြင့်လည်းကောင်း၊ စာပေနှင့် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများဖြင့်လည်းကောင်း ကပြသီဆိုဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများသည် အစိုးရ နည်းပညာကောလိပ် (ကျောက်ဖြူ) ရှိ စာသင်ခန်းများတွင် စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ဆောင်များ၊ Seience Lab ခန်း၊ Drawing ခန်း၊ Library ခန်းနှင့် အလုပ်ရုံများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)