အမ်း ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲခန်းများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ စာအုပ်စာစောင်ပြပွဲတွင် အသစ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များ ၊ မဂ္ဂဇင်း၊ ဂျာနယ် ကလေးစာပေ စသည့်စာအုပ်စာများ ပါဝင်ပြီး နံရံကပ်စာစောင်ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုကာလသမိုင်းစဉ် မှတ်တမ်းများ လူထုဟောပြောပွဲမှတ်တမ်းများ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကဗျာများနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိသည်။
ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်ရာသို့ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း