ကျောက်ဖြူ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ(၃၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က လူဦးရေစာရင်း မှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်က မြေပြင်စာရင်းမှန်ကန်စေရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် (Working Group) ကြီးကြပ်မှုကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းတာဝန်များ ချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ မြေပြင်စာရင်း မှန်ကန်မှုရှိမှသာလျှင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာလည်း အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူရေး အဖွဲ့များမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ဇန်နဝါရီလကုန်အထိ ကွင်းဆင်း ကောက်ယူသွားမှာဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက်မှ အဓိကကျသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သော လုပ်ငန်းဖြစ်သဖြင့် အထူးအရေးကြီး လုပ်ငန်းအဖြစ်ခံယူ၍ ပူပေါင်းပါဝင် ဆောင်ရွက်ပေးကြပါစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး မြို့နယ် (Working Group) ဥက္ကဋ္ဌမှ သင်တန်းဖွင့်လှစ်ခြင်း၊ ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်းနှင့် စာရင်းကောက် ကျင့်ဝတ်များအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ သင်တန်းသား၊ သင်တန်းသူ များကို သင်ခန်းစာများအား စာတွေ့၊လက်တွေ့ ဆွေးနွေးပို့ချပြသပေးခဲ့သည်။
အဆိုပါ မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူ(၁၃၃)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)