ရသေ့တောင်မြို့နယ်၌ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းတွေဆုံပွဲ အခမ်းအနားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းနား ကျင်းပ

ရသေ့တောင်   ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ စစ်ကြောင်းကြီး (၅) ကြောင်း ကွင်းဆင်းတွေဆုံပွဲ အခမ်းအနားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က‌ မေယုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဝင်းဦးက နှုတ်ဆက်စကား‌ ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းမြင့်၊ ပြည်နယ်စည်ပင်သာယာ‌ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး နည်းပညာ ဦးအောင်နိုင်တို့က ဆွေးနွေးပြောကြားကြပြီး၊ ပြည်နယ်‌ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးငြိမ်းသန်းက ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်ရှိ ကမ်းနားလမ်း ပြုပြင်မည့် ဒီဇိုင်းပုံစံများနှင့် ပတ်သက်၍‌ ဆွေးနွေးပြောကြားခဲ့ကြသည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြပါသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာနမှ‌ ပေးအပ်သော ဆိုလာရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာ စာသင်ကျောင်း(၁၇)ကျောင်းရှိ‌ ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယပိုင်းတွင် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး မြိုနယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စစ်တွေခရိုင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့  မြို့နယ် (Working Group) ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါ အဖွဲ့၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ယခုဖွင့်လှစ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းသား၊ သင်တန်းသူများအနေနှင့် သင်ကြားပို့ချမှုအပေါ် အလေးထားပြီး သင်ယူကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းဦးနှင့် အဖွဲ့သည် ရသေ့တောင်မြို့ ကမ်းနားလမ်းအပန်း‌ဖြေစခန်း‌ ဆောက်လုပ်မည့် မြေနေရာနှင့် မူလတန်းကြိုကျောင်းဆောက်လုပ်မည့် မြေနေရာများအား သွာ‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့ကြ‌ ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)