အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

အမ်း ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ် အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် စစ်ကြောင်းကြီးငါးကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတွေ့ဆုံပွဲကို အမ်းတောင်အုပ်စု  အမ်းရိုးမရှိ ဆင်ဂုံတိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့ နေ့လည်အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှန်ကန်စေရေး ဆိုင်ကယ်စီးနင်းသူများဆိုင်ကယ်စီးဦးထုတ်ဆောင်း၍ စနစ်တကျ စီးနင်းရေးကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးများ အသုံးပြုနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းကိစ္စရပ် အသီးသီးကို သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက လမ်း၊ တံတားကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး ကျန်းမာရေးဝန်ထမ်း တိုးချထားပေးနိုင်ရေးနှင့် ကျောင်းဆောင်သစ်ရရှိရေး စိုက်ပျိုးရေးမွေးမြူရေး နည်းပညာများဖြန့်ဝေပေးနိုင်ရေးတို့အတွက် ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဆိုင်ရာများ ရပ်မိရပ်ဖများအဖွဲ့သည် ဆင်ဂုံတိုင်ကျေးရွာ၌ ၂၀၁၆ ခုနှစ် (CCD)ကျေးလက်ဒေသဖွံဖြိုးရေးရန်ပုံငွေဖြင့် တစ်ပိုင်တနိုင်ကျေးရွာသုံး ၂၅ ကီလိုဝပ် လျပ်စစ်မီး ဖြန့်ဝေထားရှိမှုအခြေအနေနှင့် ပတ်ကွေ့ကျေးရွာရှိ၂၀၂၂ ခုနှစ်(VDP) ငွေကျပ်သိန်း ၁၀၀ဖြင့် ရေအား လျှပ်စစ်ဖြင့် မီးဖြန့်ဝေနိုင်ရေးဆောင်ရွက်နေမှုအား စစ်ဆေးကြည့်ရှုကာ လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)၏