မြောက်ဦး ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို မြောက်ဦးမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အထက်တန်းအဆင့် “မိုးသို့လွင့်ပျံလွတ်လပ်ရေးအသံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရေးစပ်ပြိုင်ပွဲတွင် “စိန်ရတုလွတ်လပ်ရေးနေ့မှသည်” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်လျက်ရှိပြီး ထိုပြိုင်ပွဲတွင် ကျောင်သား ၁၅ ဦး၊ ကျောင်းသူ ၁၂ ဦးစုစုပေါင်း ၂၇ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)