စစ်တွေ ဒီဇင်ဘာ ၂၇
စစ်တွေတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်တွေတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ "ဘဝမီးအိမ် ထွန်းညှိရာမြေ" သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် ပညာရေးကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နိုင်အောင် ကြိုးစားသင်ယူလေ့လာသွားကြရန်လိုအပ်ကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်သက်ကျော်က သင်တန်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာမင်းသန့်မော်က ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ အဏ္ဏဝါသိပ္ပံဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာမြကျော့ဝေက သိပ္ပံဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ သီဆို၊ ကပြဖျော်ဖြေမှုများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အဆိုပါ အခမ်းအနားသို့ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၆၀၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)