ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သံတွဲခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်တွေ ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ကျီးကန်းရဲကျေးရွာ၌ မင်းထီးကမ်းခြေဖွံ့ဖြိုးမှု ကုမ္ပဏီလီမီတက်၏ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် ဆင်နီကြီးကျေးရွာသို့ မဟာဓာတ်အားလိုင်းမှ ဓာတ်အားသွယ်တန်းရန် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့တွင်း အမှတ်(၃)နှင့်အမှတ်(၄)ရပ်ကွက် ဂန္ဓမာလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး သံတွဲမြို့ ဒွါရာဝတီမြို့သစ်၌ ရေစီရေလာကောင်းမွန်ရန်အတွက် ရေမြောင်းများ တူးဖော်ရန် ဆောင်ရွက်နေမှုအား သွားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်ရှိ ပေါင်ဝန်ဥယျာဉ်သို့ သွားရောက်လေ့လာကြပြီး ဂေါ့ရပ်ကွက်၌ Golden  Myanmar Property development ကုမ္ပဏီလီမီတက်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆောက်လုပ် လှူဒါန်းမည့် အခမဲ့ အသက်မွေး ပညာသင်တန်းကျောင်း ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွမြို့နယ်၊ သံတွဲ-ဂွလမ်းပေါ်၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၂) တံတားအထူးအဖွဲ့(၈)မှ ကျောက်ကြီးချောင်း RC ကွန်ကရစ်တံတားတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာအုပ်စု သာယာကျွန်းကျေးရွာ၌ တောင်သူသုံး၏လယ်ဧက ၅ ဧကတွင် မြေပဲမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သံတွဲမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုး အောင်မြင်နေမှုနှင့် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းအောင်မြင် နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံတောင်သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ဒေသခံများ၏တင်ပြချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ရွှေရကျိုင်ကျေးရွာ၌ ရွှေရတီကမ်းခြေအိမ်ရာ စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ခံက အိမ်ရာစီမံဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်း တင်ပြကြပြီး လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ အိမ်ရာစီမံကိန်းအတွင်း ဟိုတယ်ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)