ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအရှေ့ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မောင်တော ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအရှေ့ရပ်ကွက ဟိန္ဒူရွာရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာရှိနေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများ အနေဖြင့် မြို့နယ်အတွင်းမီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူ လူထုများ၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး၊ ဆေးလိပ်သောက်သုံးသူများဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲ မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်စေရန်နှင့် နေ အိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြပါရန် ကွင်းဆင်းစစ်ဆေးအကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)