ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ခရိုင်အဆင့် လူရွေးပွဲပြုလုပ်

ကျောက်ဖြူ ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ခရိုင်အဆင့် ကျောင်းပေါင်းစုံလူရွေးပွဲကို အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ခရိုင်အဆင့်လူရွေးပွဲတွင် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် အမ်းမြို့နယ်တို့မှ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဘောလုံး(ကျား+မ)၊ ဘောလီဘော(ကျား+မ)၊ ပြေးခုန်ပစ်(ကျား+မ)၊ ပိုက်ကျော်ခြင်း(ကျား) စသည့် အားကစားနည်းများဖြင့် စိတ်အားထက်သန်စွာ ယှဉ်ပြိုင်အရွေးချယ်ခံလျက်ရှိပြီး ကျောက်ဖြူခရိုင်ပညာရေးမှူးနှင့် မြို့နယ်(၄)မြို့နယ်မှ မြို့နယ်ပညာရေးမှူးများ၊ ကာယနည်းပြဆရာများ၊ တာဝန်ကျဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 အဆိုပါ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံလူရွေးပွဲ၌ သက်ဆိုင်ရာအားကစားနည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း