အမ်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

အမ်း ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အမ်းတောင်အုပ်စု တောင်စောက်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော စာသင်ကျောင်းဆောင်သစ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စာသင်ကျောင်းဆောင်သစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးစိုးမင်းထက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါကျောင်းဆောင်အား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ ကျပ်(၁၀.၀၀) သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၂၄)သိန်း ရှစ်သောင်း ငါးထောင် ကုန်ကျငွေဖြင့် ကျောင်းဆောင်သစ် အတိုင်းအတာ (၃၀ ပေ၊ ၂၄ ပေ၊ ၁၁ ပေ)အား တည်ဆောက်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)