မြောက်ဦးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံမြေဩဇာအိတ်ထဲတွင် အရည်အသွေးနိမ့်မြေဩဇာများထည့်သွင်းပြီး တုပရောင်းချနေမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မြောက်ဦး  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံမြေဩဇာအိတ်ထဲတွင် အရည်အသွေးနိမ့်မြေဩဇာများထည့်သွင်းပြီး တုပရောင်းချနေမှုရှိ၊ မရှိ စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမောင်သိန်းဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးမောင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းဝင်းနှင့် တာဝန်ရှိသူများမှ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံအိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး ICP မြင်းပျံမြေဩဇာ အတုများပြုလုပ်လျက် ဈေးကွက်ထဲတွင် ဖြန့်ဖြူးရောင်းချနေခြင်းရှိ၊ မရှိတို့ကို မြောက်ဦးမြို့ စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)