ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၂၆
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးစီးပြီး၊ တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster)ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္က ဦးမောင်စံဝင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကာကွယ်ဆေးဖြင့် လွမ်းခြုံအပ်သော ကျောင်းနေအရွယ်ကလေး များအားလုံး တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာအားလုံးက ဦးစားပေးအဆင့် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်းက ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက်(၅)နှစ်(၁၇)နှစ်အတွင်း ကျောင်းနေအရွယ် ကလေးများအားလုံး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးခဲ့ပါကြောင်း၊ မြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster)ထိုးနှံပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းက လိုသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)