ဂွ ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင် ရာဇပဗ္ဗတမင်းတောင်စေတီတော်မြတ်ကြီး၏ သာသနာ့နယ်မြေတွင် (စကျင်ကျောက်)ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်တည်ထားကိုးကွယ်သည့် မင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မင်းတောင်သာသနာ့နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရုပ်ပွားတော်မြတ်အား ယမန်နေ့နံနက်ပိုင်းက အမှတ်(၈၅)သစ်စက်ဝန်းမှ မင်းတောင်သာသနာ့နယ်မြေသို့ ပင့်ဆောင်ခဲ့ပြီး ညနေပိုင်းတွင် လက်ပန်းတောင်းဆရာတော် ဘဒ္ဒန္တအာဝုဓအရှင်မြတ် အပါအဝင် ဆရာတော်အရှင်သူမြတ်(၁၂)ပါးတို့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ (စကျင်ကျောက်)ရုပ်ပွားတော်မြတ်ကြီး၏ အလှု့ဒါယိကာ၊ ဒါယိကာမများဖြစ်သည့် ရန်ကုန်မြို့နေ ဒေါက်တာသာရင်မြတ်၊ ဇနီးဒေါ်နွယ်နွယ်အေး၊ သမီးမချောစုမြတ်နှင့် တရားနာပရိတ်သတ်များအား ငါးပါးသီလနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များချီးမြှင့်၍ အလှူရှင်မိသားစုက ရုပ်ပွားတော်မြတ်ကြီးအား ပရိတ်ရေ၊ အမွှေးနံ့သာရည်များ ပက်ဖြန်းပူဇော်ခြင်းနှင့် ရုပ်ပွားတော်မြတ်ကြီးအား ပလ္လင်ပေါ်သို့ ကြွရောက်သတင်းသုံးပူဇော်ခံရန် လျှောက်ထားခြင်း မင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်