နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောက်ဖြူ ဒီဇင်ဘာ ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌  သင်တန်းများ တက်ရောက်သင်ယူလျက်ရှိသည့် သင်တန်းသားများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန် ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးများ ဟောပြောခဲ့ကြောင်း သိရ သည်။

ဟောပြောပွဲတွင် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ် မျိုးသီဟက အဆိုပါ ကျောင်း၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်နှင့် ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၃)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၇) စသည့် သင်တန်းများ တက်ရောက်နေသည့် သင်တန်းသား များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို သိရှိပြီး ၎င်းစည်းကမ်းများနှင့် အညီ လိုက်ပါမောင်းနှင်စေရေး အတွက်  မီးလုံးများ အပိုတပ်ဆင်ထားသည့် မော်တော်ယာဉ်များအား တပ်ဆင်မောင်းနှင်ခြင်း မပြုရန်၊ ယာဉ်မောင်း နေစဉ် အရက်သေစာသောက်စားမူးယစ်၍ မောင်းနှင်ခြင်းမပြုရန်၊   ယာဉ်မောင်းနေစဉ်အတွင်း ထိုင်ခုံခါးပတ် ပတ်ထား ပြီးမှသာ မောင်းနှင်ကြရန်၊ ဆိုင်ကယ်စီးနင်းသူများနှင့် လိုက်ပါစီးနင်းသူ များအား ဆိုင်ကယ်စီး ဦးထုပ်ကို စနစ်တကျ ဝတ်ဆင်ပြီးမှသာ စီးနှင်းကြရန်၊  နှစ်ဦးထက်ပို၍ မစီးနင်းကြရန်၊ ပါဝါအိပ်စောတပ်ဆင် မောင်းနှင်ခြင်းများ မပြုလုပ်ရန်၊ ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်း ဖွင့်ပြီး မောင်းနှင်စီနှင်းကြရန် စသည့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိ ပညာပေးများ ဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ များ၊  အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ၊ စုစုပေါင်းအင်အား (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)