ရခိုင်ပြည်နယ် မောင်တောမြို့၌   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

မောင်တော  ဒီဇင်ဘာ   ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့ တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စည်းကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ စာစီစာကုံး၊ ပန်းချီ ၊ ဆောင်းပါး၊ အားကစား ပြိုင်ပွဲများ ကျင်းပမည့်အခြေအနေများနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ စတုဒီသာကျွေးမွေးနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရန်  ပြောကြားခဲ့ပြီး ဌာနဆိုင်ရာရုံးများတွင်လည်း ရုံးဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ဆေးသုတ်ကြရန် လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေးတင်ပြကြရာ  တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)