တောင်ပြိုလက်ဝဲ ဒီဇင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အတွင်းရှိ ကလေးသူငယ်များအား ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်း အမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မောင်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုယာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဒေါ်စမ်းစမ်းမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက မီးတိုက်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုယာကျေးလက်ကျန်း မာရေးဌာန(ခွဲ)အနေဖြင့် ထိုသို့ ကျေးရွာများသို့ ကွင်းဆင်း၍ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၂)နှစ်အောက် ကလေးများတွင် ဖြစ်ပွားတတ်သည့် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ကြည်ညှာ၊ ဆုံဆို့၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်(ပီစီဗီ)၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး၊ ပိုလီယို အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့နှင့် အခြားကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရသည်။
သိန်းနိုင်(ပြန်/ဆက်)