မောက်မယ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအားလည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲတွင် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး ဂုဏ်ယူမြတ်နိုးတန်ဖိုးထားတတ်စေရေး လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့ ထိန်းသိမ်းတတ်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရေး၊ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းမှုများနှင့် လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး စာပေချစ်သူများနှင့် ကျောင်းသား ကျောင်းသူများပူးပေါင်း၍ လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာရေးဆရာဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို ခေါင်စဉ်များအလိုက် တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျောင်းသား ကျောင်းသူများတို့က ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်