ကျောက်ဖြူ ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပွဲစဉ်တလျှောက် တာဝန်ယူဆောင်ရွက်ကြမည့် ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်၊ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြများနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောက်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် လွတ် လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလတတိယအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ကွင်း လယ်ဒိုင်၊ စည်းကြပ်ဒိုင်နှင့် အမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်များအနေဖြင့် မည်သည့်အသင်းကိုမျှ ဘက်လိုက်မှုမရှိစေဘဲ တရားမျှတစွာဖြင့်မှန်မှန်ကန်ကန်ဆောင်ရွက်ကြစေ လိုကြောင်း၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများသည် အသက်(၂၁)နှစ်ထက်မကျော်လွန်သူများကိုသာ ပါဝင်ကစားခွင့်ပြုမည်ဖြစ်ကြောင်း၊ ကစားသမားအရည်အချင်း ကန့်သတ်ချက် စည်းမျဉ်းနှင့် မညီညွတ်သောကစားသမားများတွေ့ရှိပါက ၎င်းကစားသမားကို ထုတ်ပယ်ခံရမည့် အပြင်(လုံးဝ) အစားထိုး ပြန်လည်ပြင်ဆင်ကစားခွင့်ပြုမည်မဟုတ်ကြောင်း စသည့်ဒိုင်များ၏ လုပ်ဆောင်လိုက်နာရမည့် အချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘောလုံးပွဲစဉ်တလျှောက် တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်များ၊ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြများမှ မိမိတို့ဆောင်ရွက်ရ မည့်လုပ်ငန်းများအပေါ် ပြန်လည်ဆွေးနွေးတင်ပြကြရာ ခရိုင်အားကာမှူးမှ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ဒီဇင်ဘာလ (၂၄)ရက်နေ့မှ ဇန်နဝါရီလ(၂)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်ကလပ်အသင်း (၁၁)တို့မှ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)