အမ်းမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

အမ်း   ဒီဇင်ဘာ   ၂၁

အမ်းမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်(၂)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်ထက်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းထွန်းဦးက ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေး(၄)ရပ်နှင့် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာလိုအပ်ချက်များအား မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကို အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီအနေဖြင့် ကလေးသူငယ်အခွင့်အရေး (၄)ရပ်ဖြစ်သော ရှင်သန်ခွင့်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ခွင့်အခွင့်အရေး၊ ကာကွယ်စောင့်ရှောင့်ခွင့်အခွင့်အရေးနှင့် ပါဝင်ဆောင်ရွက်ခွင့်အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့ဦးကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ်(၃၃၈၀၀၀၀) ကျပ်အား မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်ကပေးအပ်ရာ မြို့ဦးကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ တာဝန်ရှိသူများက တက်ရောက်လက်ခံခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း