မအီမြို့ ဂျီဖြူတောင် အ.ထ.က(ခွဲ)တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မအီ    ဒီဇင်ဘာ    ၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရရှိစေရေးနှင့် နိုင်ငံတော်၏ လွတ်လွပ်ရေးဦးတည်ချက်၊ ရည်ရွယ်ချက်များကို သိရှိနားလည်လာစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို "စိန်ရတုလွတ်လပ်ရေးနေ့" ခေါင်းစဉ်ဖြင့် မအီမြို့နယ်၊ ဂျီဖြူတောင်ကျေးရွာ၊ အ ထ က(ခွဲ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ "စိန်ရတုလွတ်လပ်ရေးနေ့" စာစီစာကုံးပြိုင်ပွဲ၌ စာစီစာကုံးနိဒါန်းတွင် လွတ်လပ်ရေးကို အမွှမ်းတင်သရုပ်ဖော် အရေးအသားတို့ဖြင့် စတင်ရမည်ဖြစ်ကြောင်း၊ စာကိုယ်ပိုင်းကိုရေးသားရာတွင် သမိုင်းခေတ် နိုင်ငံတော်များပေါ်ပေါက်ခဲ့ပုံ၊ ကျူးကျော်စစ်များနှင့် ရလဒ်ဆိုး၊ တိုင်းရင်းသားတို့၏ တော်လှန်မှုများ၊ ရဟန်းတော်များ၏ မျိုးချစ်စိတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ပြီး မြန်မာနိုင်ငံ၊ မျက်မှောက်ခေတ် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုများ ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းကောက်နှုတ်ချက်များ စသည့်အကြောင်းအရာတို့ ပါဝင်သင့်ကြောင်း၊ နိဂုံးပိုင်းတွင် လွတ်လပ်ရေးနေ့ ဦးတည်ချက်များကို လိုက်နာ၍ ထိမ်းသိမ်းကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်းတို့ကို ရေးသားပြသရမည်ဟု ဂျီဖြူတောင် အ ထ က(ခွဲ) ကျောင်းအုပ် ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ (၄၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)