အမ်းမြို့နယ်၌  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာ မောင်းနှင်သွားလာ နိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

အမ်း ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး အသိပညာပေး ဟောပြောပွဲကို အောက်ရွာကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ဒုရဲအုပ်သန့်ဇင်ဦးက  ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော် တဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများ လိုက်နာရန် စည်းကမ်းများ၊ မော်တော်ဆိုင်ကယ်စီးလျှင် သတ်မှတ်ထားသော စံချိန်စံညွန်း ကိုက်ညီသည့်ဆိုင်ကယ်စီးဦးထုတ် ဆောင်း၍ မေးသိုင်းကြိုး သေချာစွာတပ်ရမည်၊ မီးကောင်းမွန်ရမည်၊ မူးယစ်သောက်စားပြီး မစီးရ၊ နောက်ကြည့်မှန်၊ ကောင်းမွန်သော ဘရိတ်နှင့် ကောင်းမွန်သော တာယာများ ပါရှိရန်၊ ယာဉ်ကြောပိတ်ဆို့မှု အချက်ပြ စနစ်များကို လိုက်နာရန်၊ ခြေလျင်သွားလာသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လမ်းဖြတ်ကူးသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ယာဉ်အန္တ ရာယ်ကင်းဝေးစေရေး အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယာဉ်ကြော ပိတ်ဆို့မှု အချက်ပြစနစ်များကို လက်တွေ့ပြသခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်သည့်  ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း