ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေးသရုပ်ပြသ

မောင်တော ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့သူကြီး ရပ်ကွက်၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့သူကြီးရပ်ကွက်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကိုစနစ်တကျအသုံးပြုစေရေး၊  လျှပ်စစ်မီး အသုံးပြုသူ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေ ပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများ အနေ ဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်လိုင်းခန်းများတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းဗိုလ် ဦးဆောင်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများအား  မီးသတ်တပ်ဖွဲ့ဝင်များက  မီးငြိမ်းသတ်ရာတွင် ရှေးဦးမီးသတ်ဆေးဘူး၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်ခြင်း၊ ရေပိုက်ကိုင်ဆောင်ကာ မီးငြိမ်းသတ်ပုံများ၊ မီးငြိမ်း သတ်ပုံနည်းစနစ်များ စသည့်တို့ကို လက်တွေ့လေ့ကျင့်စေခြင်းများအား ဆောင်ရွက်စေခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး(ခရိုင်ပြန်/ဆက်)