နမ့်စန်(တ) ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည် ၂နာရီက ဟိုင်းနားကြီးကျေးရွာအုပ်စု၊ ဟိုင်းနားလေးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က လူငယ်များ စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး စသည့် ခေါင်းစဉ်များဖြင့် ပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အငယ်တန်းစာရေး ဒေါ်မြူးမြူးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များနှင့် ပြန်/ဆက်ဦးစီးဌာန၏ နယ်လှည့်လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသပေးခြင်း၊ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)