နောင်ချို ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာကျောင်းများတွင် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း၊ ရုပ်ပုံပြ ပုံပြင်ပြောပြခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများကို အပတ်စဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများ ကြိုက်နှစ်သက်သည့် ရုပ်ပြကာတွန်း၊ ပုံပြင်စာအုပ်များနှင့် အခြားဗဟုသုတရဖွယ် စာအုပ်စာစောင်များကို ယူဆောင်၍ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ငှားရမ်းပေးခြင်း၊ ကလေးများ စိတ်ပျော်ရွှင်မှုရရှိစေမည့် ပုံပြင်များကို ဝန်ထမ်းများက ဖတ်ပြခြင်း၊ စာဖတ်စွမ်းရည် မြင့်မားလာအောင် ကျောင်းသား၊ ကျောင်းသူလေးများအား ပုံပြင်များ ဖတ်ကြားစေခြင်း စသည်တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)