မက်မန်း ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဒေသခံကလေးများ ဘက်စုံထူးချွန်ထက်မြက်ရေး၊ ဉာဏ် ရည်ဖွံ့ဖြိုး တိုးတက်ရေး၊ အားရုံစူးစိုက်မှုကောင်းမွန်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရေးတို့အတွက် စက္ကူခေါက်ပြုလုပ် နည်းသင်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မက်မန်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စက္ကူခေါက်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ၌ ကလေးငယ်များအနေဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူပေးရန်လိုအပ်ပါကြောင်း၊ ကလေးများအတွက် ဉာဏ်ရည်ဉာဏ် သွေးတိုးတက်စေမည့် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအနေဖြင့် နည်းပြများ၏ သင်ကြားပေးမှုများကို ကြိုးစားသင်ယူစေလိုပါကြောင်း ရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်။
ထို့နောက် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၈၀)ဦးက နည်းပြများသင်ကြားပေးသော စက္ကူခေါက်နည်း အမျိုး(၃၀)ကို သင်ယူကြပြီး ကျောင်းသား၊ကျောင်းသူများက မိမိတို့သင်ယူကြသည့် ရောင်စုံစက္ကူဖြင့်ပြုလုပ်ထားသော အလှပန်းများ၊ အရုပ်များ၊ ကစားစရာများကိုကျောင်းတွင် သင်ထောက်ပစ္စည်းများအဖြစ် ပြသထားရှိနိုင်ရေးအတွက် ယူဆောင်သွားခဲ့ကြောင်းလည်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)