စစ်တွေ ဒီဇင်ဘာ ၁၅
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆုရ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာအခမ်းအနားကို ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “ဟန်စိလေဟန်စွလေ” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ် မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန်က ဖတ်ကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်နေ့မိန့်ခွန်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင် ဆုပစ္စည်းများ၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာဆု ရရှိသူများနှင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုတံဆိပ်များ ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူ ဒေါ်အေးနုစိန်က ပြည်နယ်စီမံထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသူ (၆) ဦးအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆု (တတိယအဆင့်)ရရှိသူ ၆ ဦး၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယအဆင့်)ရရှိသူနှစ်ဦး၊ ပြည်နယ်လူမှုထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသူ ၁၂ ဦး၊ ပြည်နယ်လူမှုထူးချွန်ဆူ (တတိယအဆင့်)ရရှိသူ ၉ ဦး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ၁၀၆ ဦး၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီနှင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့်ကျောင်းသား၊ ကျောင်းသူ(၃၀) အား ဆုများအသီးသီး ပေးအပ်ချီး မြှင့်ကြသည်။
ဆက်လက်၍ တိုင်းရင်းသားရိုးရာအကအဖွဲ့များဖြစ်ကြသော မြိုတိုင်းရင်းသား၊ ခမီတိုင်းရင်း သား၊ ဒိုင်းနက်တိုင်းရင်းသား၊ သက်တိုင်းရင်းသားနှင့် ရခိုင်တိုင်းရင်းသားတို့က ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေကြပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စု စုပေါင်းအကအဖွဲ့များက “ပြည်ထောင်စုရဲ့ ထာဝရ အလှများ” သီချင်းဖြင့် ကပြဖျော်ဖြေကြကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန်နှင့်အဖွဲ့သည် ဦးဥတ္တမခန်းမအတွင်း၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဆုရ စာစီစာကုံးနှင့် ပန်းချီများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံအတွင်း၌ MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိသော ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ရိုးရာရက်ကန်းလုပ်ငန်းများကို ပြခန်းပေါင်း (၅၁)ခန်း ဖွင့်လှစ်ကာ ပြသရောင်းချနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၅ ခုနှစ်မှ စတင်ကာ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၈)နှစ်မြောက် တိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)