ရမ်းဗြဲ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ယနေ့တွင်ကျရောက်သည့်(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီ းမင်းအောင်လှိုင်ထံမှ ပေးပို့သော (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဖတ်ကြားပြီးနောက်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်အမှတ် (၂)အခြေခံပညာအထက်ကျောင်းမှ ကျောင်းသူလေးများ က ရခိုင်ရိုးရာသီချင်းယိမ်းအကများဖြင့်ကပြဖြေဖျော်ကြသည်။
ဆက်လက်ပြီး (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိကြသူများနှင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဗဟိုအဆင့်၊ ပြည်နယ်အဆင့်တို့တွင် ဒုတိယဆုရရှိသူ ရမ်းဗြဲမြို့နယ်ကိုယ်စားပြု ကိုမိုးစည်အောင်အား ဆုချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ရမ္မာဝတီ RSUM လူငယ်တေးဂီတအဖွဲ့မှ ရခိုင်တေးသီချင်းများဖြင့်ဖြေဖျော်ပေးကြသည်။
၎င်းနောက် ဌာနဆိုင်ရာများမှ ရခိုင်ရိုးရာ ဒေသထွက်မုန့်များဖြင့်ဧည့်ခံပေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်အားပေး ကြည့်ရှုကြပြီး အခမ်းအနားသို့တက်လာကြသော ပရိတ်များက ဌာနဆိုင်ရာများမှ ဧည့်ခံကျွေးမွေးပေး သောမုန့်များကို ပျော်ပျော်ပါးပါးစားသောက်ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)