ကျောက်ဖြူမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲကျင်းပ

ကျောက်ဖြူ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ကျရောက်သည့်  (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင်  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက နဒီသောင်ယံဂေါက်ကလပ် မြက်ခင်း ပြင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားအား ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့  ကျောက်ဖြူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများနှင့် ပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

အလားတူ ကျောက်ဖြူမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၊ ယနေ့ ရခိုင်ပြည်နယ်နေ့၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပြိုင်ပွဲနှင့် ညပိုင်းတွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ရခိုင်ရိုးရာကျင်ပြိုင်ပွဲနှင့် ညပိုင်းဖျော်ဖြေရေး အစီအစဉ်များကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆  ရက် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်း ဆုရရှိသူများနှင့် ဆုရရှိသည့် အသင်းများကို နဒီသောင်ယံဂေါက်ကလပ်ကွင်း၌ ညပိုင်းဖျော်ဖြေရေး အစီအစဉ်များတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)