မောင်တောမြို့၌   (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ ကျင်းပ

မောင်တော ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၈ နာရီ အချိန် သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်း ရင်းသားရိုးရာအကယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီး၍ ရတုဖြင့် ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော  (၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်က ဖတ်ကြားခဲ့ပြီး (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်း အမှတ်၊ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား နယ်မြေခံ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ် သူရိန်ထွန်း  ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ရခိုင်ရိုးရာယိမ်းအဖွဲ့မှ (သျှင်ဒိုင်အက)ဖြင့် လည်းကောင်း၊ သက်တိုင်းရင်းသား အကဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားအကဖြင့် လည်းကောင်း၊ ရခိုင်ရိုးရာ ယိမ်းအဖွဲ့မှ (လေးဝတီ) သီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြရာ  တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြသည်။

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် အားကစားပွဲများ ဖြစ်သော ချောတိုင်တက်ပွဲ၊ လှံဆွဲပွဲများအား မြို့မအားကစားကွင်းအတွင်း ယနေ့ နေ့လယ် ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အနိုင်ရရှိသည့် အဖွဲ့များကိုလည်း ဆုများ အသီးသီးချီးမြှင့်ပေးမည် ဖြစ်သည်။ ယင်းနောက် ညနေပိုင်းတွင် သီရိမင်္ဂလာခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရခိုင်မုန့်တီနှင့် ဒေသအစားအစာများ စတုဒီသာ ကျွေးမွေးမည်ဖြစ်ပြီး ခန်းမအတွင်း တေးသံရှင်များနှင့် ဝါသနာရှင်အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)