ရသေ့တောင် ဒီဇင်ဘာ ၁၅
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြို့ပတ်လမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယနေ့နံနက် ၆ နာရီခွဲက အဆိုပါလမ်းထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်မအေးသန်းက ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးဦးသာဇံက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ အဖွဲ့ဝင် ဦးဦးသိန်းမောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်မအေးသန်းနှင့် မြို့နယ်စာရင်းစစ်မှူး ဦးဦးသန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ် (၇၂) ဖြင့် စိုင်းမင်းပြည့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရှည်(၆၀၀)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၈)လက်မရှိသည့် ကွန်ကရစ်လမ်းဖြစ်သည်။
ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းသူ/ကျောင်းသားများမှ ရခိုင်ရိုးရာအကများ၊ ရခိုင်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အဖွဲ့ဝင်များ၊ ကျောင်သား/ကျောင်းသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)