ကျောက်တော် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအားအား ကျောက်တော်မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးကျော်စွာညွန့်က ဖတ်ကြားခဲ့သည်။
၎င်းနောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမဆုရရှိသော မြို့နယ်မီးသတ်ဦးစီးဌာနအသင်းအား မြို့မိမြို့ဖ ဒေါက်တာဦးထွန်းအေးက လည်းကောင်း၊ ဒုတိယဆုရရှိသော ကျန်းမာရေးဦးစီးဌာနအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ဝင်းက လည်းကောင်း၊ တတိယဆုရရှိသော မွေးကုညွန့်ပေါင်းအသင်းအား မြို့နယ်အားကစားမှူး ဦးတင်လှိုင်ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အားကစားများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း