မအီမြို့၌  (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

မအီ   ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအီမြို့၊ စည်ပင် သာယာရေးအဖွဲ့၏ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီး ကျောင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ လမ်းမုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကားပြောကြားပြီး မြို့စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးညီညီလွင်က ကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖ ဦးထွန်းတင်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဘုန်းကြီးကျောင်းလမ်း၊ ကွန်ကရစ်လမ်းသစ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ မအီနယ်မြေရဲ စခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ဖဲ့ကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံများကို ဆက်လက်ပေးအပ်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြသည်။ ဆက်လက်၍  မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ဘုန်းကြီးကျောင်းလမ်းမတစ်လျှောက် လှည့်လည် ကြည့်ရှုကြသည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၁၁.၂၂၃)ဖြင့် မအီမြို့အခြေစိုက် မိဘဂုဏ်ဆောင် ကုမ္ပဏီမှ တာဝန်ယူတည် ဆောက်ခင်းကျင်းခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ်(၁၂)ပေ၊ အရှည် (၂၁၄)ပေ၊ အမြင့်ထု (၈)လက်မ ရှိကြောင်း၊ အဆိုပါလမ်းမှာ ယခင်က အမာခံကျောက်ချောလမ်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း အဆင့်သို့ မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဖော်ပြပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ မိဘဂုဏ်ဆောင် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)