စစ်တွေ ဒီဇင်ဘာ ၁၄
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၅) ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြု သောအားဖြင့် ရခိုင် ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံ၌ကျင်းပရာ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေ တပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က ရခိုင်ပြည်နယ်အတွင်းရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့် ပံ့ပိုးမှုများကို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပြပွဲများကျင်းပပေးသည့်အတွက် ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများ ထုတ်ကုန်များ၏ ထူးခြားအားသာချက်များကို ဖော်ထုတ် ပြသနိုင်သည့်အခွင့်အရေးများ ရရှိသကဲ့သို့ မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း ပြသနိုင်မည်ဖြစ်ကြောင်းနှင့် MSMEs လုပ်ငန်းရှင်များအနေဖြင့်လည်း ယခုပြပွဲမှ တဆင့် ဒေသတွင်းရှိလုပ်ငန်းများ အချင်းချင်းချိတ်ဆက်မိပြီး ဈေးကွက်အခွင့်အလမ်းများ ရယူနိုင်ကာ အရည် အသွေးအပြည့်အဝဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်ငန်းများဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး၊ ဒေသကွပ်ကဲ မှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူးနှင့် MSME စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးတို့က MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခိုင်သဇင်ပန်းခြံနှင့် ခန်းမအတွင်းရှိ MSMEs ဒေသထုတ်ကုန်စည်များ ခင်း ကျင်းပြသထားရှိမှု၊ ရောင်းနေမှုတို့အားလှည့်လည် ကြည့်ရှုအားပေးကြသည်။
MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိသောရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေး ထုတ်ကုန်များ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ရိုးရာရက်ကန်းလုပ်ငန်းများ စသည်ဖြင့် စုစုပေါင်း ပြခန်း(၅၁)ခန်းကို ခင်းကျင်းပြသထားကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ မှတ်ပုံတင်ထားသော ပုဂ္ဂလိကစက်မှုလုပ်ငန်း များ (၁၂၇၅)ခု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် Member Card ပြုလုပ်ထားသော လုပ်ငန်း(၃၈၇) ခု၊ အခြားသော ဌာနများတွင် မှတ်ပုံတင်ထားသော လုပ်ငန်းပေါင်း (၁၇၁၉၅) ခုရှိ ကြောင်းသိရသည်။
အဆိုပါ ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၅ ရက်ကြာခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)