ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ လမ်းမကြီးလမ်း(ကျန်အပိုင်း) ကွန်ကရစ်လမ်းဖွင့်ပွဲတက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၄

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၅) ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ လမ်းမကြီးလမ်း(ကျန်အပိုင်း) ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အဆိုပါလမ်းမကြီးမုခ်ဦး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ လမ်းမကြီးကွန်ကရစ်လမ်းဆိုင်ရာ အချက်အလက်များကို စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးကရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများပေးအပ်ကြကာ ပြည်တော်သာရပ်ကွက် ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူးနှင့် မြို့မိ၊ မြို့ဖတစ်ဦးတို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

စစ်တွေမြို့လမ်းမကြီးမှာ ရေတပ်အဝိုင်းထိပ်မှ ဆပ်ရိုးကျတံတားထိပ်ထိ ၂ မိုင်၊ ၆ ဒသမ ၀၁ ဖာလုံရှည်လျားပြီး စစ်တွေမြို့၏အဓိကလမ်းမကြီးဖြစ်ကာ ဆတ်ရိုးကျတံတားမှ နာရီစင်အထိအပိုင်းမှာ နိုင်လွန်ကတ္တရာလမ်းဖြစ်သည်။ ယခင်နှစ်ကနာရီစင်မှ အကျဉ်းထောင်အဝင်လမ်းအထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး ယခုဖွင့်လှစ်သောလမ်းမှာ အကျဉ်းထောင်အဝင်လမ်းမှ ရေတပ်အဝိုင်းထိပ်အထိ အလျား ၃၁၀၀ ပေ၊ အကျယ် ၂၄ လက်မ၊ ထု ၈ လက်မရှိသောလမ်းအား ခွင့်ပြုရန်ပုံငွေ ၄၀၃ ဒသမ ၆၇၅ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း