ကျောက်ဖြူ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းကမီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိလူနေအိမ်များနှင့်ဈေးဆိုင်များသို့သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုကို ကျောက်ဖြူခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ (၆)ရက်နေ့မှစတင်ကာ တစ်အိမ်တက် ဆင်းကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုးနိုင်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြစ်နားတန်းရပ်ကွက်သို့သွားရောက်၍၎င်းရပ် ကွက်အတွင်းရှိ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အလုပ်ရုံများတွင် မီးသုံးစွဲမှု စနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊ မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု ရှိ/မရှိတို့အား လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးမသုံးစွဲဘဲ ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် ချက်ပြုတ်စားသောက်နေသည့် လူနေအိမ်များတွင် မီးကြွင်းမီးကျန် များမကျန်ရှိစေရေး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ဘုရားမီးပူဇော်ရာတွင် စနစ်တကျထွန်းညှိ ပူဇော်ကြရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးတို့ကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း