မင်းပြားမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မင်းပြား ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် လမ်ပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းပြားမြို့ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် ရုံးလုပ်ငန်း တာဝန်များကို ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်၍ မိမိဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်သူရက ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက မြို့နယ်၏ လိုအပ်ချက်များအားရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

အခမ်းအနားအပြီးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြို့နယ်မီးသတ်ဦးစီးဌာနရုံးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရသည်။

သိန်းနုအောင်