ဂွမြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွယ်သာဂီကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ဂွ ဒီဇင်ဘာ ၁၄

(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကကြီးကြပ်၍ အောင်လင်းအောင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မြို့မရပ်ကွက်ရှိ နွယ်သာကီလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်စံပါယ်မြင့်က နွယ်သာကီလမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အောင်လင်းအောင်ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးဝင်းတင်က လမ်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ မြို့မိမြို့ဖဦးခင်မောင်ထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒေါ်စံပါယ်မြင့်နှင့် အောင်လင်းအောင်ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးဝင်းတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အထိမ်းအမှတ်အလံများကိုပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီးနောက် အခမ်းအနားသို့တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နွယ်သာကီလမ်းမတစ်လျှောက် လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း(၈၅.၅)ဖြင့် အောင်လင်းအောင်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ်(၁၈)ပေ၊ အရှည် (၁၀၀၀) ပေ၊ အမြင့်(၀.၈) လက်မ ရှိကြောင်းနှင့် Box Culvert (၂၂'×၄'×၄') (၁)စင်းပါရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ရွှေရည်ဝင်းကျော်