မောင်တော ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကိုဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။
အဆိုပါ ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ ၃၀၇ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ထိ ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ ၄၁၈၂၈ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်