(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ စစ်တွေမြို့၌ ကျင်းပ

စစ်တွေ   ဒီဇင်ဘာ  ၁၄

(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများ အားကစားပြိုင်ပွဲများကို စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ဒီဇင်ဘာလ ၁၁ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိကြောင်းသိရသည်။

ဓညဝတီအားကစားခန်းတွင် အားကစားပြိုင်ပွဲများအဖြစ် အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင် ရိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ စစ်တုရင်ပြိုင်ပွဲတွင် အလွတ်တန်း အမျိုးသား၊ အမျိုးသမီးနှင့် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြပြီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တစ်ဦးချင်း အမျိုးသား၊ အမျိုးသမီးနှင့် နှစ်ယောက်တွဲ အမျိုးသား၊ အမျိုးသမီးအားကစားသမားများ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြကြောင်း သိရသည်။ အလားတူ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် တစ်ဦးချင်းအမျိုးသား၊ အမျိုးသမီးနှင့် နှစ်ယောက်တွဲ အမျိုးသား၊ အမျိုးသမီးအား ကစားသမားများ ယှဉ်ပြိုင်လျက်ရှိကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား အလွတ်တန်းပြိုင်ပွဲနှင့် အမျိုးသမီးအလွတ်တန်း ပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

စစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစား သမားများအား ပထမဆုကျပ် ၁၀၀၀၀၀၊ ဒုတိယဆုကျပ် ၈၀၀၀၀၊ တတိယဆုကျပ် ၅၀၀၀၀ စီချီးမြှင့် သွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုကျပ် ၃၀၀၀၀၀၊ ဒုတိယဆုကျပ် ၂၀၀၀၀၀ နှင့် တတိယဆု ကျပ် ၁၀၀၀၀၀ စီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် အမျိုးသားအားကစားသမား ၁၅၁ ဦး၊ အမျိုးသမီးအား ကစား သမား ၇၂ ဦး၊ စုစုပေါင်းအားကစားသမား ၂၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

တင်ထွန်း(ပြန်/ဆက်)