ကျောက်တော်မြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အကြို ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပြုလုပ်

ကျောက်တော်   ဒီဇင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌  ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အကြို မြို့နယ်အဆင့်ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးရှေ့ ပိုက်ကျော်ခြင်း အားကစားကွင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တော်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန  မြို့နယ်အားကာဦးစီးမှူး ဦးတင်လှိုင်က  (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် နေ့တစ်နေ့ကို နောင်လာနောင်သားများအနေဖြင့် အမြဲအမှတ်ရစေရန်ရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲများကိုပါ ထည့်သွင်းကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်  အားကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲစည်းကမ်းနှင့်အညီ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ယှဉ်ပြိုင်စေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

၎င်းနောက် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ ပထမပွဲစဉ်တွင် ကျန်းမာရေးဦးစီးဌာနအသင်း(၂) နှင့် သာသနာရေးဦးစီးဌာနအသင်းတို့က လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် မြို့နယ်ထွေ/အုပ်အသင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ကလည်းကောင်း၊ တတိယပွဲစဉ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနအသင်း (၁) နှင့် မြို့နယ်အိုးအိမ်ညွန့်ပေါင်း အသင်းတို့က အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမပွဲစဉ်တွင် ကျန်းမာရေးဦးစီးဌာနအသင်း(၂)၊ ဒုတိယပွဲစဉ်တွင် မီးသတ်ဦးစီးဌာနအသင်း၊ တတိယပွဲစဉ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အသင်း (၁) တို့က အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၁၄-၁၂-၂၀၂၂) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောက်တော်မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်မောင်ထွန်း