ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအမ်းခရိုင် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမ်း ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် တို့သည် ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီအချိန်က အမ်းခရိုင် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေ့ဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌အမ်းခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။  တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချော မွေ့စွာဆောင်ရွက်နိုင်စေရေး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် မိမိတို့ခရိုင်အောက်ရှိ မြို့နယ်များ၏ လုပ်ငန်းတာဝန်များကို လက်လှမ်းမီစွာဖြင့် ကြီးကြပ် ကွပ်ကဲနိုင်ပြီး ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုး တက် လာအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ခရိုင်မြို့ တစ်မြို့ဖြစ်လာသည်နှင့်အမျှ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းလမ်းများကောင်းမွန်စေရေးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာဌာနများ၊ မြို့မိ၊ မြို့ဖများနှင့်ပေါင်းစပ် ညှိနှိုင်းကာပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ခရိုင်ရုံးများ ဖွင့်လှစ် ထားရှိမှုအခြေအနေနှင့် ဒေသဆိုင်ရာအချက်အ လက်များကိုရှင်းလင်း တင်ပြပြီးခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်သူရက ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊စုပေါင်းရုံးတွင် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်ထားရှိမှု၊ လေ ယာဉ်ကွင်းရပ်ကွက်ရှိ စုပေါင်းရုံးဟောင်းအားပြန်လည် ပြုပြင်နေမှု၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဆောက်လုပ်မည့် မြေနေရာ၊ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း တို့ချဲ့ဆောင်သစ် ဆောက်လုပ်မည့်မြေနေရာ၊ဈေးတောင် ရပ်ကွက်ရှိ ဒေသဖွံ့ဖြိုးရေးရုံး ပြန်လည်ပြုပြင်နေမှုအားလည်း ကောင်း၊ အမ်းမြို့ဗျူးပွိုင့်အလှပြုပြင်ဆောင်ရွက် ထားရှိမှု၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ရုံးများဆောက်လုပ်မည့် မြေနေရာများအားသွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ တင်ပြချက်များအပေါ် ဖြည့်စွက်မှာ ကြားကြောင်း သိရသည်။

စိုးမင်းထွန်း