မအီမြို့နယ် ခြေတော်ရာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

မအီ   ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက မအီမြို့၊ ခြေတော်ရာကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ထိုသို့ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်း၍ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၂)နှစ်အောက်ကလေးများတွင် ဖြစ်ပွားတတ်သည် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြည်ညှာ၊ မေးခိုင်၊ ဦးနှောက်မြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက် ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ အဆိုပါ ခြေတော်ရာကျေးရွာမှာ ငှက်ဖျားရောဂါအဖြစ်များသည့် တောင်ပေါ် ဒေသဖြစ်၍ ရွာသူရွာသားများအား ငှက်ဖျားပိုး ရှိ/မရှိ သွေးဖောက်စစ်ဆေးခဲ့ပြီး ရွာသူရွာသားများနှင့် သက်ကြီးရွယ်အိုများကို အခြားလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)